KT Care ဖောင်ဒေးရှင်း၏ ရေဘေးကူညီမှု အစီအစဉ်

08 / 13 / 2019

ဇူလိုင်လအလယ်မှစ၍ မြန်မာနိုင်ငံရှိ နေရာတော်တော်များများတွင် မိုးအလွန်အကျွံ ရွာသွန်းမှုကြောင့် မြစ်ရေများလျှံတက်ကာ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ရေဘေးဒဏကို အဓိက ခံစားနေရသည့် ဒေသများမှာ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ ဖြစ်ပါသည်။

ယခုလက်ရှိတွင် ရေဘေးကြောင့် ပျက်ဆီးမှုအများဆုံး ဒေသများမှာ ဖားအံမြို့နယ်နှင့် ကရင်ပြည်နယ်ရှိ မြဝတီ (လူ၁၅၀၀ခန့် အိမ်ရာမဲ့ဖြစ်) ၊ မွန်ပြည်နယ်ရှိ ကျိုက်မရော၊ သထုံ၊ ဘီးလင်း၊ သံဖြူဇရပ်၊ ရေးနှင့် မော်လမြိုင် (လူပေါင်း ၁၄၃၀၀ ကျော်အိမ်ရာမဲ့ဖြစ်)၊ ဧရာဝတီတိုင်းရှိ မြောင်းမြနှင့်ငပုတော (လူ ၅၀၀ ခန့် အိမ်ရာမဲ့ဖြစ်) တို့ ဖြစ်ပါသည်။

ရေကြီးမှုကြောင့် ပေါင်မြို့နယ်တွင် မြေပြိုခြင်း ဖြစ်ပွားခဲ့ပြီး အိမ် (၂၅) လုံးနှင့် ယာဉ် (၅)စီး နစ်မြုပ်ခဲ့ပါသည်။ မြေပြိုခြင်းကြောင့် သေဆုံးသူ အရေအတွက်မှာ မြင့်တက်လျက်ရှိပြီး နောက်ဆုံး သတင်းများအရ လူပေါင်း (၅၉)ယောက် သေဆုံးသွားကြောင်း သိရှိရပါသည်။ ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ပျောက်ဆုံးနေသူများကို ရှာဖွေနေဆဲ ဖြစ်ပါသည်။

ထိုသဘာဝဘေးအန္တရာယ်များကြောင့် လူပေါင်းများစွာ ဘေးဒုက္ခရောက်နေခြင်းကြောင့် KT Care ဖောင်ဒေးရှင်းမှ အရေးပေါ်တုန့်ပြန်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသည်။ လွန်ခဲ့သော စနေနေ့တွင် ထုတ်ပြန်ခဲ့သော သတင်းများအရ ရေးမြို့နယ်သည် နှစ်ပေါင်း (၂၀) အတွင်းတွင် အဆိုးဝါးဆုံး ရေကြီးမှုကို ခံစားနေရပြီး မြို့၏ (၉၀)ရာခိုင်နှုန်းခန့် ရေမြုပ်သွားသည်ဟု သိရှိရပါသည်။ ထို့ကြောင့် KT Care အဖွဲ့သည် ရေးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ကူညီ လှူဒါန်းမည် ဖြစ်ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသော ပစ္စည်းများမှာ သောက်ရေသန့်၊ အစာခြောက်၊ အဝတ်အထည် နှင့် စောင်များ ဖြစ်ပါသည်။ KT Care ၏ လှူဒါန်းမှုတွင် ပါဝင်လိုသူများအနေဖြင့် အဝတ်အထည်နှင့် စောင်တို့ကို (၁၄/၈/၂၀၁၉) နေ့လည် ၁၁ နာရီနောက်ဆုံးထားပြီး KT Care ရုံးသို့ လာရောက်လှူဒါန်းနိုင်ပါသည်။

KT Care Foundation

KT Care Foundation