အပြည်ပြည်ဆိုင်ရာအမျိုးသမီးငယ်များနေ့

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးငယ်များနေ့မှာ ကုလသမ္မဂ္ဂမှ တရားဝင်ထုတ်ပြန်ထားသော နေ့တစ်နေ့ဖြစ်ပါသည်။ ပထမဆုံးအပြည်ပြည်ဆိုင်ရာအမျိုးသမီးငယ်များနေ့ကို ၂၀၁၂ခုနှစ်၊အောက်တိုဘာလတွင် စတင်ကျင်းပခဲ့ကြပါသည်။ ထိုနေ့ကိုကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှန်းရှိ အမျိုးသမီးငယ်များအတွက် အခွင့်အလမ်းများပိုမိုရရှိစေရန် တိုက်တွန်းနှိုးဆော်ခြင်းနှင့် အမျိုးသမီးငယ်များ ခံစားနေရသော လိင်အခြေပြုခွဲခြားဆက်ဆံခြင်းကို တိုက်ဖျက်ခြင်းတို့ ပြုလုပ်လိုသောကြောင့် ဖြစ်ပါသည်။ အမျိုးသမီးငယ်များခံစားနေရသော မညီမျှမှုများတွင် တန်းတူပညာသင်ကြားခွင့်၊ အာဟာရ၊ တရားဝင်ရပိုင်ခွင့်များ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ခွဲခြားဆက်ဆံမှုမှကာကွယ်ပေးခြင်း၊ အမျိုးသမီးများအားအကြမ်းဖက်ခြင်းနှင့် အရွယ်မရောက်သောအမျိုးသမီးငယ်များအား အတင်းအကြပ်လက်ထပ်ပေးခြင်း စသည်တို့ ပါဝင်ပါသည်။ KT Careမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးငယ်များနေ့ကို အသိအမှတ်ပြုခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံ၏ အရေးပါသော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆာင်နေသော အမျိုးသမီးငယ်များကို ဂုဏ်ပြုလိုက်ပါသည်။

11.10.19

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့

အောက်တိုဘာလ(၁၀)ရက်နေ့တိုင်းတွင် ကမ္ဘာတစ်ဝှန်းရှိလူများသည် စိတ်ကျန်းမာရေးကို လူများပိုမိုဂရုပြုစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို ကျင်းပကြပါသည်။ ထိုနေ့တွင် စိတ်ကျန်းမာရေးနှင့် ပတ်သတ်သော ပညာပေးအစီအစဥ်အစဥ်များ၊ စိတ်ကျန်းမာရေးအပေါ် လှုမှုပတ်ဝန်းကျင်၏အမြင်ကို ပြောင်းလဲရန် လှုူပ်ရှားမှုများ၊ စိတ်ကျန်းမာရေး၏အရေးပါပုံကို အသိပညာပေးခြင်းများ စသော လုပ်ငန်းများကို လုပ်ဆောင်ကြပါသည်။ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို ၁၉၉၂ခုနှစ်၌  နိုင်ငံ(၁၅၀)ကျော်တွင် အဖွဲ့ဝင်ပေါင်းများစွာရှိသော ကမ္ဘာလုံးဆိုင်ရာစိတ်ကျန်းမာရေးအဖွဲ့မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို အသိအမှတ်ပြု ကျင်းပခြင်းအားဖြင့် စိတ်မကျန်းမာခြင်းသည် လူများစုခံစားနေရသော ရောဂါတစ်ခုဖြစ်ကြောင်းနှင့် စိတ်မကျန်းမာခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို လူများသိရှိစေရန် ရည်ရွယ်ပါသည်။ နိုင်ငံအချို့တွင် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့၌ စိတ်ကျန်းမာရေးပညာပေးရေးရက်သတ္တပတ်ကဲ့သို့သော ပွဲများကို ကျင်းပလေ့ရှိပါသည်။

10.10.19

ကမ္ဘာ့ဆရာများနေ့

ကမ္ဘာ့ဆရာများနေ့ (သို့) အပြည်ပြည်ဆိုင်ရာဆရာများနေ့သည် အောက်တိုဘာလ(၅)ရက်နေ့တိုင်းတွင် ကျင်းပသော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပါသည်။ ထိုနေ့သည် ၁၉၉၄ခုနှစ်တွင် ပြုလုပ်ခဲ့သော ယူနက်စကိုနှင့်အိုင်အယ်လ်အို အကြံပြုချက်ကို ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ ၎င်းအကြံပြုချက်တွင် ကမ္ဘာတစ်ဝှန်းရှိ ဆရာများအနေဖြင့် လိုက်နာရမည့် စံသတ်မှတ်ချက်များ၊ ဆရာတစ်ယောက်၏ တာဝန်နှင့် ဝတ္တရားများအပါအဝင် အလုပ်မဝင်ခင် တက်ရောက်ရမည့် သင်တန်းများ၊ ပညာဆက်လက်သင်ယူခြင်း၊ အလုပ်ခေါ်ခြင်း၊ ပညာသင်ခြင်းနှင့် အခြားအချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းဖော်ပြထားပါသည်။ ကမ္ဘာ့ဆရာများနေ့ကို နိုင်ငံအနှံ့တွင်ရှိသော ဆရာများအား အသိအမှတ်ပြုစေရန်၊ ပညာဖြန့်ဝေပေးသူအရေအတွက်များပြားလာစေရန်၊ ဆရာများ၏အရည်အချင်းကို အကဲဖြတ်ရန်နှင့် အရည်အချင်းတိုးတက်မှုရှိလာစေရန် ပံ့ပိုးရန် ဟူသော ရည်ရွယ်ချက်များဖြင့် နှစ်စဥ်နှစ်တိုင်း ကျင်းပကြခြင်း ဖြစ်ပါသည်။

5.10.19

စက်တင်ဘာလအတွက်ထောက်ပံ့လှူဒါန်းမှုရရှိသွားသူ

စက်တင်ဘာလအတွက် ထောက်ပံ့လှူဒါန်းမှုအစီအစဥ်မှ လှူဒါန်းမှုကို ရရှိသွားသူမှာ (xxx) ဖြစ်ပါသည်။ (xxx)သည် ထက်မြက်သော ၈တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး မိသားစုကို ထောက်ပံ့ပေးနေသူလည်း ဖြစ်ပါသည်။ (xxx)၏ တစ်ဦးတည်းသော မိသားစုဝင်မှာ သူ့ဖခင်ဖြစ်ပါသည်။ သူ၏ဖခင်ဖြစ်သူမှာ ကျန်းမာရေးအခြေအနေကြောင့် အလုပ်မလုပ်နိုင်တော့သဖြင့် (xxx)သည် ကျောင်းဆင်းချိန််၌ မုန့်ဖတ်ထုပ်ရောင်းခြင်းဖြင့် မိသားစုကို တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပါသည်။ (xxx)နှင့်ရွယ်တူ ကလေးများသည် ကစားခြင်းနှင့် စာလေ့လာခြင်းကိုသာ သိသောအချိန်၌ (xxx)သည် မုန့်ဖတ်ထုပ်ရောင်းနေရသောကြောင့် အစပိုင်းတွင် သိမ်ငယ်စိတ်ဝင်ခဲ့သည်ဟု (xxx)မှပြောခဲ့ပါသည်။ (xxx) သည် ကျောင်းဖွင့်ရက်များတွင် ကျောင်းကို ခြေကျင်သွားပြီး ကျောင်းတက်ရသောကြောင့် မိုးတွင်းဘက်များတွင် သွားလာရန် အခက်အခဲရှိခဲ့ပါသည်။ ထိုအခက်အခဲကို ဖြေရှင်းရန် စက်ဘီးတစ်စီး ဝယ်လိုသော်လည်း ငွေကြေးမလုံလောက်မှုကြောင့် စက်ဘီး မဝယ်နိုင်ခဲ့ပါ။ ထို့ကြောင့် KT Care Foundationမှ (xxx) ပညာသင်ကြားရာတွင် လွယ်ကူချောမွေ့စွာ သင်ကြားနိုင်ရန်အတွက် (xxx)အား ငွေကြေးကူညီထောက်ပံ့ခဲ့ပါသည်။

Soe Moe Thant Sin

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့

ယနေ့သည် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဖြစ်သောကြောင့် မိမိတို့အနီးအနားတွင်ရှိသော သက်ကြီးရွယ်အိုများကို ဂါရဝပြုခြင်းဖြင့် သက်ကြီးရွယ်အိုများနေ့ကို ကြိုဆိုရန် KT Care မှတိုက်တွန်းလိုက်ပါသည်။

မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် အသက် ၆ဝ ကျော်သူများကို သက်ကြီးပိုင်းဟူ၍ ဆိုကြပါသည်။ အသက် ၆ဝ ကျော်၊ အသက် ၇ဝ ကျော်၊ အသက် ၈ဝ ကျော်စသည်ဖြင့် အသက်အရွယ်အပိုင်းအခြားသည် အမျိုးမျိုးရှိကြပါမည်။ ထို့အတူ သက်ကြီးပိုင်းများတွင် သားထောက်သမီးခံရှိသူ၊ သားထောက် သမီးခံမရှိသူ၊ ဆင်းရဲသူ၊ ချမ်းသာသူ၊ ကျန်းမာသူ၊ မကျန်းမာသူ အစရှိသဖြင့် ပုံသဏ္ဌာန်အမျိုးမျိုး ကွဲပြားခြားနားစွာရှိနေကြပါသည်။ မည်သို့ပင် ကွဲပြားခြားနားမှုများရှိစေကာမူ သက်ကြီးရွယ်အိုများ လူမှုဘဝသာယာရေး၊ ကျန်းမာစွာအသက်ရှင်နေထိုင်ရေးတို့အတွက် လိုအပ်သည်များ ဖြည့်ဆည်းကူညီပေးကြရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိသက်ကြီးရွယ်အို လူဦးရေမှာ (၅,၄၄၃,၀၀၀) ရှိပါသည်။ ယင်းတို့အနက် သားထောက်သမီးခံမရှိသော ဘိုးဘွားများသည် ဘိုးဘွားရိပ်သာများ၌ ရှိနေကြပါသည်။ မြန်မာနိုင်ငံ၌ အစောဆုံးဘိုးဘွားရိပ်သာ တည်ထောင်ဖွင့်လှစ်ခဲ့သူမှာ ရတနာပုံ နေပြည်တော်ခေတ် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတရားကြီး လက်ထက်က အဘွားဒေါ်ဦးဇွန်း(မြန်မာသက္ကရာဇ် ၁၂၃ဝ-၁၃ဝ၆)ပင်ဖြစ်ပါသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံအတွင်း ဘိုးဘွားရိပ်သာများ တဖြည်းဖြည်းတိုးပွားခဲ့ရာ ယခုအခါ ဘိုးဘွားရိပ်သာ ပေါင်းများစွာကို နေရာတော်တော်များများတွင် တွေ့မြင်နေရပြီ ဖြစ်ပါသည်။

Quotes

KT Careမှ ပညာသင်ဆု ရရှိထားသူ

KT Care Foundation မှ ပညာသင်ဆုရရှိထားသူဖြစ်သော ဇန်ဝင့်နိုင်သည် ငပုတောမြို့နယ် ဇာတိ ဖြစ်ပါသည်။ ကျေးရွာငယ်လေးတွင် ပညာသင်ကြားခဲ့ရသော်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အမှတ်မြင့်မြင့်ဖြင့် အောင်မြင်ခဲ့ပါသည်။ ထို့နောက် ဆေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ပါသည်။ KT Care မှ ပညာသင်ဆု မရခင်အချိန်၌ ဇန်ဝင့်နိုင်သည် မိခင်ဖြစ်သူ၏ ထောက်ပံ့မှုဖြင့် ကျောင်းတက်ခဲ့ရပါသည်။ သူ၏မိခင်ဖြစ်သူလစာမှာ မိသားစုစားဝတ်နေရေးနှင့် ဆေးကျောင်းကုန်ကျစရိတ်များကို လုံလောက်စွာ ထောက်ပံ့ရန် အခက်အခဲရှိသည့်အတွက် KT Careမှ ပညာသင်ဆု ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ ဇန်ဝင့်နိုင်သည် လက်ရှိတွင် ရန်ကုန်ဆေးတက္ကသိုလ်(၂)ရှိ တတိယနှစ်အတန်းတွင် တက်ရောက်နေပါသည်။ KT Care ၏ ထောက်ပံ့မှုကြောင့် ကျောင်းစရိတ်များအတွက် စိုးရိမ်စရာ မလိုဘဲ စာကို အာရုံစိုက်၍ လေ့လာနိုင်နေပြီ ဖြစ်သောကြောင့် ကျေးဇူးတင်ကြောင်း ဇန်ဝင့်နိုင်မှ ပြောကြားခဲ့ပါသည်။

Zan Wint Naing

ဝန်ထမ်းအသစ်မိတ်ဆက်ခြင်း

စက်တင်ဘာလ (၄)ရက်နေ့တွင် KT Care Foundation သို့ လက်ထောက် စီမံကိန်းတာဝန်ခံရာထူးဖြင့် ဝန်ထမ်းသစ်တစ်ဦး ရောက်ရှိခဲ့ပါသည်။ လက်ထောက်စီမံကိန်း တာဝန်ခံ၏ အမည်မှာ ကိုသိန်းထိုက် ဖြစ်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကုသရေးစီမံကိန်းနှင့် သက်က္ကယ်သောင် ကျေးရွာတွင်ရှိသော ဖွံ့ဖြိုးရေးစင်တာ စီမံကိန်းများအတွက် တာဝန်ယူလုပ်ကိုင်ရမည် ဖြစ်ပါသည်။ ကိုသိန်းထိုက်သည် ၂၀၁၃ခုနှစ်တွင် ပုသိမ်တက္ကသိုလ်မှ မြန်မာစာအဓိကဖြင့် ဘွဲ့ရခဲ့ပြီး KT Careတွင် တာဝန်မထမ်းဆောင်ခင်အချိန်များ၌ UNDPနှင့်ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဧရာဝတီတိုင်းတွင် လုပ်ဆောင်ခဲ့ပါသည်။ သူသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျွမ်းကျင်မှုရှိသူ ဖြစ်ပါသည်။ ကိုသိန်းထိုက်တွင် သားသမီး နှစ်ယောက်ရှိပြီး ခရီးသွားရခြင်းကို နှစ်သက်ပါသည်။

Ko Thein Htike

နှုတ်ခမ်းကွဲခွဲစိတ်မှုအောင်မြင်သွားသူ

(xxx)သည် ဧရာဝတီတိုင်း‌ဒေသကြီး မြရိုးကြီးကျေးရွာ ဇာတိဖြစ်ပြီး သူမ၏ မိဘများမှာ နေ့စားအလုပ်သမားများ ဖြစ်ပါသည်။ သူမ၏ ဖခင်သည် ရံဖန်ရံခါ ငါးဖမ်းခြင်းဖြင့်လည်း ဝင်ငွေရှာပါသည်။ (xxx) မိဘများ၏ ဝင်ငွေမှာ နေ့စဉ်စားသောက်စရိတ်အတွက် လုံလောက်ရုံမျှသာရှိသည် ဖြစ်သောကြောင့် သူမ၏ နှုတ်ခမ်းကွဲခွဲစိတ်မှုပြုလုပ်ရန်အတွက် ငွေကြေးမတတ်နိုင်ခဲ့ပါ။ KT Careမှ ထောက်ပံ့မှုဖြင့် နှုတ်ခမ်းကွဲခွဲစိတ်မှု အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သော အသိတစ်ယောက်ထံမှ KT Care ဖောင်‌ဒေးရှင်း၏ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ခွဲစိတ်ကုသရေးစီမံကိန်းအကြောင်းကို သိရသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါသည်။ (xxx)၏ အမေမှ “ ခွဲစိတ်မှုမပြုရသေးခင်ကဆိုရင် ကျွန်မသမီးကို အခြားကလေးတွေနဲ့ ယှဥ်ရင် သိမ်ငယ်စိတ်ဝင်မှာ တွေးပြီးစိုးရိမ်ခဲ့ရတယ်။ အခုတော့ KT Careရဲ့ထောက်ပံ့မှုကြောင့် ကျွန်မသမီး ဘဝကို အခြားကလေးတွေလို ပျော်ပျော်ရွင်ရွင် ဖြတ်သန်းသွားနိုင်တော့မှာပါ” ဟုပြောကြားခဲ့ပါသည်။

Thae Su Paing

KT Care Foundationမှ ZKG စက်ရုံတွင် မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း သင်တန်းပို့ချခြင်း

ဩဂုတ်လ ၂၇ရက်နေ့တွင် KT Care Foundation မှလစဉ်သင်တန်းတစ်ခုကို ZKG စက်ရုံတွင် ပို့ချခဲ့ပါသည်။ ယခုကဲ့သို့သော မိုးတွင်းကာလတွင် လူအများစုသည် မိုးတွင်းတွင် ဖြစ်ပွားတတ်သော ရောဂါများကို ခံစားနေရသောကြောင့် ထိုရောဂါများအကြောင်းကို သိရှိနိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် မိုးတွင်းကာလတွင်ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကို ပို့ချပေးခဲ့ပါသည်။ ထိုသင်တန်းတွင် ZKGစက်ရုံမှ သင်တန်းသားစုစုပေါင်း ၃၇ယောက်တက်ရောက်ခဲ့ပြီး KT Care၏ စီမံကိန်းအရာရှိမှ အရင်လတွင် ဆွေးနွေးခဲ့သော အကြောင်းအရာများကို ပြန်လည်ဆွေးနွေးပေးခဲ့ပြီး သင်တန်းကိုစတင်ခဲ့ပါသည်။သင်တန်းမစတင်မီအချိန်၌ မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများနှင့်ပတ်သတ်၍ သင်တန်းသားများ၏ နားလည်မှုကို သိရှိရန် စစ်ဆေးခဲ့ပါသည်။ ထို့နောက် KT Care၏ စီမံကိန်းအရာရှိမှ သန့်ရှင်းသောရေတွင် တွေ့ရသောအချက်များ၊ ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါနှင့် တုပ်ကွေးရောဂါများ၏ လက္ခဏာများ၊ ကြိုတင်ကာကွယ်ရန်နည်းလမ်းများနှင့် ကုသနိုင်သောနည်းလမ်းများကို ဆွေးနွေးပြောပြခဲ့ပါသည်။ သင်တန်းသားများသည် စိတ်ပါဝင်စားစွာနှင့် နားထောင်ခဲ့ကြပြီး သိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။

IMG20190827093152
IMG20190827090549
IMG20190827090523
IMG20190827084355

KT Care ဖောင်ဒေးရှင်းမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများလှူဒါန်းခြင်း

KT Care ဖောင်ဒေးရှင်းမှ သြဂုတ်လ ၁၇ ရက်နေ့တွင် မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပို့ရေး အတွက် လိုအပ်သော အဓိကကျသည့် လှေများကို မော်လမြိုင်သို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထိုလှေများ အနက် လေးစီးကို ကို မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကျန် နှစ်စီးကို မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ နှင့် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုအဖွဲ့တို့မှ လက်ခံရယူခဲ့ပြီး ရေဘေးသင့်ပြည်သူများထံသို့ လျှင်မြန်စွာ သွားရောက်ပံ့ပိုးနိုင်တော့မည်ဖြစ်သည်။

3
2
1