ထောက်ပံ့လှူဒါန်းမှုရရှိသွားသူ

တောင်ဒဂုံမြို့နယ်တွင် နေထိုင်သော ဒေါ်( ) သည် ပုဂံညောင်ဦး ဇာတိဖြစ်ပြီး ရန်ကုန်တွင် အိမ်ထောင်ကျကာ သားသမီး(၃)ယောက် ထွန်းကားခဲ့ပါသည်။ လက်ရှိတွင် ခင်ပွန်းဖြစ်သူမှာ ကျန်းမာရေးမကောင်းသဖြင့် အလုပ်မလုပ်နိုင် ဖြစ်နေပါသည်။ သားသမီး(၃)ယောက်မှာလည်း ကျောင်းနေအရွယ်ဖြစ်သောကြောင့် ကျောင်းစရိတ်၊ ခင်ပွန်းဖြစ်သူ ဆေးဖိုးစရိတ်၊ အိမ်ဌားခ စရိတ်များဖြင့် ကြပ်တည်းခက်ခဲစွာ ရုံးကန်နေရပါသည်။ ဒေါ်( )သည် ရပ်ကွက်ထဲတွင် အဝတ်လိုက်လျှော်သော အလုပ်ကို လုပ်ကိုင်နေရသော်လည်း သူမ ကိုယ်တိုင်မှာလည်း မျက်စိတစ်ဖက် ကောင်းစွာမမြင်ရသော အခြေအနေတွင် ရှိနေပါသည်။ ထို့ကြောင့် အသိမိတ်ဆွေတစ်ဦး၏ ချိတ်ဆက်ပေးမှုဖြင့် KT Care Foundation အား သိရှိခဲ့ပြီး ထောက်ပံ့လှူဒါန်းမှုအစီအစဥ်တွင် လျှောက်လွှာတင်ခဲ့ပါသည်။ KT Care Foundation ၏ ထောက်ပံ့မှုကြောင့် လက်တလော အကြွေးဆပ်ရန်နှင့် မျက်စိစမ်းသပ်ရန်စရိတ်အတွက် အထောက်အကူဖြစ်သောကြောင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။

IMG_6920

KT Careမှ ပညာသင်ဆုရရှိထားသူ

နှင်းဝတ်ရီသည် လာမည့်နှစ်တွင် ပုသိမ်တက္ကသိုလ်မှ မြန်မာစာဘွဲ့ ရရှိမည်ဖြစ်သည်။ သူမသည် KT Care ဖောင်ဒေးရှင်း၏ ပညာသင်ဆုရရှိထားသူများထဲမှ တစ်ယောက်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ပညာသင်ဆုချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ သူမ၏မိသားစုသည် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ သူမလည်း မိသားစု၏ နေထိုင်မှုကုန်ကျစရိတ်များကို အထောက်အပံ့ဖြစ်စေရန် ကျောင်းပိတ်ရက်များတွင် စက်ရုံ၌ ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေရှာနေသူဖြစ်ပါသည်။ သူမမိသားစုတွင် လခနည်းသော အထည်ချုပ်စက်ရုံအလုပ်မှအပ အခြားဝင်ငွေမရှိသောကြောင့် KT Care မှ ပညာသင်ဆုမရမီအချိန်တွင် ကျောင်းစရိတ်အတွက် စိုးရိမ်ပူပန်ခဲ့ရသည်။ ၂၀၁၆ခုနှစ်တွင် KT Care ဖောင်ဒေးရှင်း၏ ပညာသင်ဆုအစီအစဉ်ကို ကြားသိခဲ့ပြီး လျှောက်ထားခဲ့သည်။ KT Care မှ ၂၀၁၈ခုနှစ်တွင် ပညာသင်ဆုရထားသူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ထိုပွဲတွင် နှင်းဝတ်ရီ၏ ပညာသင်ဆုရပြီး အခြေအနေကို မေးမြန်းခွင့် ရခဲ့သည်။ သူမသည် KT Care ၏ ပံ့ပိုးမှုဖြင့် တက္ကသိုလ်ပညာရေးကို အဆင်ပြေချောမွေ့စွာ တတ်နိုင်ခဲ့ကြောင်းကို ပြောပြခဲ့ပါသည်။ သူမ၏ ရည်မှန်းချက်ကို မေးမြန်းသည့်အခါတွင် ဘွဲ့ရပြီးနောက် ဆရာမကောင်းတစ်ယောက်အဖြစ် အလုပ်ဝင်ချင်သည်ဟု ဖြေကြားခဲ့ပါသည်။

Hnin Wut Ye

အလုပ်သင် အတွေ့အကြုံ ဝေမျှခြင်း

သက်သက်နှင်းစံသည် KT Care Foundation တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ Communication intern အဖြစ်ဝင်ရောက် လုပ်ကိုင်ခဲ့ပါသည်။ အလုပ်သင်ကာလ ၃ လ အတွင်းသူမရဲ့ အတွေ့အကြုံတွေကို ယခုလိုဝေမျှပေးခဲ့ပါသည်။ “Communication Intern အဖြစ်နဲ့ လုပ်ကိုင်နေစဉ်ကာလမှာ အတွေ့အကြုံ အများကြီးရခဲ့ပါတယ်။ ကျောင်းတက်နေတုန်း ဖြစ်တဲ့အတွက် အရင်တုန်းကဆို လုပ်ငန်းခွင်နဲ့ပတ်သတ်တဲ့ လုပ်ဆောင်ပုံတွေ စည်းမျဉ်းစည်းကမ်းတွေကို သေချာမသိခဲ့ပါဘူး။ KT Care မှာ အလုပ်သင်အဖြစ် ရှိခဲ့တဲ့ ၃ လ ကတော့ ရုံးပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး မသိရှိသေးတဲ့ အသိပညာတွေ သိခဲ့ရပါတယ်။ Social Media ပိုင်းနဲ့Content ရေးခြင်းတွေကို အဓိကလုပ်ဆောင်ရပါတယ်။ အစတည်းက ကျောင်းမှာ ယူထားတဲ့ ဘာသာရပ်ထက် ပိုစိတ်ဝင်စားတဲ့Communication ကို ဘွဲ့ရပြီးချိန်မှာလည်း Master Degree ရယူလိုတာ ဖြစ်တဲ့အတွက် KT Care မှာ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခြင်းက ပထမဆုံး ခြေလှမ်းဖြစ်ခဲ့ပါတယ်။ ၃ လ အပြီးမှာ Content ရေးခြင်း အပိုင်းမှာလည်း ပိုမိုတိုးတက်မှုများ ရှိလာခဲ့ပါတယ်။ အလုပ်သင် အဖြစ်နဲ့ ၃ လတာ အတူရှိခွင့်ရခဲတဲ့ KT Care အဖွဲ့ဝင်တွေကလည်း အရမ်းခင်ဖို့ ကောင်းပြီး နွေးနွေးထွေးထွေး ဆက်ဆံပေးတာကြောင့် လုပ်ငန်းခွင်က နွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ခဲ့ပါတယ်။ အခုလို အလုပ်သင် အဖြစ် ပါဝင်ခွင့် ရတဲ့အတွက်လည်း KT Care Foundation ကို ကျေးဇူးတင်ပါတယ်။ “

IMG_1075 (1)

ဝန်ထမ်းအသစ်မိတ်ဆက်

ငပုတောမြို့နယ်၊ သက္ကယ်သောင်ကျေးရွာမှ ဇော်မျိုးအောင်သည် KT Care မှ ပညာသင်ဆုရရှိထားသူ တစ်ဦးဖြစ်ပြီး ယခုလက်ရှိတွင် KT Care Foundation အလုပ်သင်အဖြစ်ဝင်ရောက်လုပ်ကိုင်နေပါသည်။ 2016 ခုနှစ်တွင် KT Care Foundation နှင့် အဆက်အသွယ်ရရှိခဲ့ပြီး ပညာသင်ဆုအတွက် လျှောက်ထားခဲ့ရာမှ ရွေးချယ်ခြင်းခံခဲ့ရပါသည်။ သူသည် ယခုနှစ်တွင် ပုသိမ်တက္ကသိုလ် မြန်မာစာမေဂျာ တတိယနှစ်ကို တက်ရောက်ရမည်ဖြစ်သည်။ ၂၀၁၉၊ဒီဇင်ဘာလတွင် ခေါ်ယူသော KT Care ၏ အလုပ်သင်အစီအစဥ်တွင် ဝင်ရောက်လျှောက်ထားရင်း စီမံကိန်းလက်ထောက်အလုပ်သင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါသည်။ စီမံကိန်းလက်ထောက်အလုပ်သင်အနေဖြင့် KT Care တွင် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲစီမံကိန်းနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံကိန်းတို့တွင် စီမံကိန်းအရာရှိကို ကူညီဆောင်ရွက်ပေးနေပါသည်။

1

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

ကမ္ဘာပေါ်တွင်ရှိသော အမျိုးသမီးများနှင့် မိန်းကလေးငယ်လေးများသည် ယနေ့အချိန်ထိ သာတူညီမျှ ဆက်ဆံခံရခြင်း မရှိသေးပါ။ အမျိုးသမီးများသည် အမျိုးသားများတန်းတူ အလုပ်ပိုမိုကြိုးစားကြသော်လည်း ဝင်ငွေကွာဟမှုများ ရှိနေဆဲဖြစ်ပြီး ရွေးချယ်မှုများ၊ တန်းတူညီမျှ အခွင့်အရေးရရှိမှုများ နည်းပါးနေဆဲဖြစ်ပါသည်။ ထို့အပြင် အမျိုးသမီး အများစုသည် အိမ်တွင်းအကြမ်းဖက်မှုနှင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ခံရမှုများနှင့် ကြုံတွေ့နေရဆဲ ဖြစ်ပါသည်။ ကျား၊မ ဖြစ်တည်မှုတွင်သာ ခွဲခြားဆက်ဆံ ခံနေရသည်မဟုတ်ပဲ အသက်အရွယ်၊ မျိုးဆက်ကွာခြားချက် အယူအဆများအရပါ ခွဲခြားဆက်ဆံ ခံနေရပါသည်။  အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံဖြိုးတိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပါသည်။ ယခုနှစ် ၂၀၂၀ ခုနှစ်သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအားလုံးအတွက် ကျားမတန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးများ ရရှိရန် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုများကို လှုံ့ဆော်စုစည်းရန် လက်လွတ်မခံသင့်သော အခွင့်အရေးတစ်ခု ဖြစ်သည်။ ယနေ့ ၈ ရက် ၃ လ သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်သည်။ ယခုနှစ်အတွက် ရွေးချယ်ထားသော ကဏ္ဍမှာ “အမျိုးသမီးများ၏ အခွင့်အရေးများကို နားလည်သဘောပေါက်ပြီး ဖြစ်ပေါ်လာသော တန်းတူညီမျှမှု” ဖြစ်ပါသည်။ ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မိမိတို့ကဏ္ဍအလိုက် ကြိုးစားလုပ်ဆောင်နေကြသော အမျိုးသမီးထုကြီးအား လေးစားဂုဏ်ပြုလိုက်ပါသည်။

We are all equal.

တပေါင်းလပြည့်နေ့

တပေါင်းလပြည့်နေ့သည် မြန်မာပြက္ခဒိန်၏ တတိယမြောက်လ လပြည့်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာအားလပ်ရက် ဖြစ်သည်။ ထိုနေ့တွင် ရွှေတိဂုံစေတီတော် ဆောက်လုပ်ခြင်းပြီးစီးပြီး ဘုရင်ဥက္ကာလာပသည် ဘုရားရှင်၏ ဆံတော်ကို  ဌာပနာထည့်ခဲ့သည့်နေ့ ဖြစ်သည်ဟု ဒဏ္ဍာရီအဆိုရှိသဖြင့် မြန်မာနိုင်ငံရှိ လပြည့်နေ့များစွာထဲမှ အရေးပါသော နေ့တစ်နေ့ဟု တင်စားကြပါသည်။ တပေါင်းလတစ်လလုံးသည် ပွဲတော်များ၊ ယဉ်ကျေးမှုဆိုင်ရာရောင်စုံအခမ်းအနားများနှင့် စည်ကား၍ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာကိုးကွယ်သူတို့၏ ဘာသာရေးကိုင်းရှိုင်းမှုကို မြင်တွေ့ရသည့် အချိန်ကာလဖြစ်သည်။

ဤအချိန်သည် ဗုဒ္ဓဘာသာ၀တ်ပြုကိုးကွယ်သူများ ဘုရားကျောင်းများသို့သွားပြီး ကောင်းမှုကုသိုလ် ပြုလုပ်ကြသည့် အချိန်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အကြီးမားဆုံးဖြစ်သော ရွှေတိဂုံဘုရားပွဲတော် ကျင်းပသည့်နေ့လည်း ဖြစ်ပါသည်။ ထိုပွဲတော်၏ အစပိုင်းတွင် ဗုဒ္ဓရုပ်ပွားတော်(၂၈)ဆူကို အခမ်းအနားဖြင့် ပူဇော်ခြင်းများ ပြုလုပ်ကြပါသည်။ ထို့နောက် (၁၀)ရက်တိုင်တိုင် ဗုဒ္ဓဘာသာကျမ်းစာများကို ရွတ်ဆိုပူဇော်ကြပါသည်။ ရွှေစက်တော်ဘုရားပွဲ၊ အလောင်းတော်ကဿပဘုရားပွဲစသည့် ဘုရားပွဲများလည်း ကျင်းပကြပါသည်။

တပေါင်းလပြည့်နေ့တွင် ကျင်းပလေ့ရှိသော ထူးခြားသည့် ပွဲတော်တစ်ခုမှာ သဲစေတီပွဲတော်ဖြစ်သည်။ မြစ်ကမ်းပါးတွင် နေထိုင်သူများသည် သဲများကို သဲသောင်များပေါ်ရှိ ဘုရားများပုံသာဏ္ဍန် ပုံဖော်ကြသည့်ပွဲတော် ဖြစ်သည်။ စေတီပုထိုးများသည် ဗုဒ္ဓ၏သီလဂုဏ်ကို ဖော်ပြရန်ဖြစ်သည်ဟု ဗုဒ္ဓဘာသာဝင်များက ယုံကြည်ကြပါသည်။ ထို့ကြောင့် အုတ်များသို့မဟုတ်သဲများဖြင့် ပြုလုပ်ထားသည့် မည်သည့်ဘုရားကိုမဆို ကိုးကွယ်ခြင်းသည် သက်ရှိဗုဒ္ဓကိုကိုးကွယ်ခြင်းထက် အကျိုးနည်းခြင်းမရှိဟု သတ်မှတ်ထားကြသည်။ ထိုအစဉ်အလာကို အဓိကအားဖြင့်  မန္တလေးနှင့် မြန်မာနိုင်ငံအထက်ပိုင်းများတွင် တွေ့ရသည်။

HAPPY FULL-MOON DAY OF TABAUNG

သီလရှင်ကျောင်းများတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အစီအစဥ် မိတ်ဆက်ခြင်း

ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် KT Care အဖွဲ့သည် ချမ်းသာအောင်နှင့် စမ်းမြသီတာ သီလရှင်ကျောင်းများတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်ကို မိတ်ဆက်ရန်နှင့် ကျောင်းအခြေအနေများကို လေ့လာရန် အရှေ့ဒဂုံနှင့်မင်္ဂလာဒုံမြို့နယ်သို့ သွားရောက်ခဲ့သည်။ ချမ်းသာအောင်ကျောင်းစခန်းကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျောင်းသား(၅၀)ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ၎င်းသည် ယခင်က ရွှံ့နွံများအလယ်တွင်ရှိသော တဲသေးသေးလေးတစ်ခုဖြင့် စတင်ခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ကျောင်းသား(၂၆၈)ယောက်နှင့် ဆရာ/မ(၁၀)ယောက်ရှိသည်။ ဒေါ်ဟေမာရီ (ဓမ္မာစရိယ၊နာယက)နှင့် ဒေါ်ဧသိင်္ဂီ(ဓမ္မာစရိယ၊တိုက်အုပ်)တို့က ၂၀၀၁ ခုနှစ်၊ ဇွန်လတွင်စတင်တည်ထောင်ခဲ့သော စမ်းမြသီတာသီလရှင်ကျောင်းသည် ၂၀၀၆-၂၀၀၇ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံဒေသအသီးသီးမှ ကလေးများအား ပညာရည်နို့ တိုက်ကျွေးရာ နေရာတစ်ခုဖြစ်ခဲ့သည်။ စတင်ဖွင့်လှစ်စဥ်က ခရစ်ယာန်ဆရာ / မများ၏ အကူအညီဖြင့် လည်ပတ်ခဲ့ပြီး မိဘမဲ့များနှင့်ဆင်းရဲသောအမျိုးသမီးငယ်များကို ကူညီရန်ရည်ရွယ်ခဲ့ပါသည်။ ဆရာ/မပေါင်း(၃၅)ယောက်၏ အကူအညီဖြင့် ယခုအခါတွင် ကျောင်းသား (၆၀၀) ကျော်ကို သင်ကြားပေးနေသည်။ KT Care အဖွဲ့သည် ထိုသီလရှင်ကျောင်းများ၏ တိုက်အုပ်ဆရာကြီးများနှင့် တွေ့ဆုံပြီး ကလေးများ၏လိုအပ်ချက်များအတွက် စစ်တမ်းကောက်ယူ၍ ကလေးသူငယ်ကာကွယ်ရေးအစီအစဉ်ကို မိတ်ဆက်ပေးခဲ့သည်။

DSC_0142 1
DSC_0260
DSC_0200
DSC_0122
DSC_0275
DSC_0231

တောင်သူလယ်သမားနေ့

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးကြသူများဖြစ်ပေရာ ခေတ်အဆက်ဆက် အစိုးရများနှင့် နိုင်ငံရေးသမားတို့အတွက် အရေးပါသော လူတန်းစားတစ်ရပ် ဖြစ်နေသည်။ ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသောအခါတွင် မြန်မာလယ်သမားအများစုမှာ လယ်ယာမဲ့ဘဝသို့ ရောက်ရှိသွားကြရာမှ ဆက်လက်သည်းမခံနိုင်ကြတော့သဖြင့် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့သမိုင်းတွင် ထင်ရှားသော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။ တောင်သူလယ်သမားထုအတွင်း စည်းလုံးညီညွတ်မှုရရှိစေရန်အတွက် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနှင့် တောင်သူလယ်သမားနေ့ အခမ်းအနားများကို ကျင်းပပေးခဲ့ရာမှ တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ KT Care မှ မြန်မာ့စီးပွားရေးအတွက် အဓိကအချက်အချာဖြစ်သော လယ်ယာစိုက်ပျိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော တောင်သူလယ်သမားများအား လေးစားဂုဏ်ပြုမှုဖြင့် တောင်သူလယ်သမားနေ့ကို ကြိုဆိုလိုက်ပါသည်။

HAPPY Myanmar (2)